Sunday, December 23, 2007

မိုးကုတ်မြို့ဟု အဘယ်ကြောင့်ခေါ်သလဲ

မိုးကုတ်မြို့ဟု အမည်တွင်လာပုံကို မိုးကုတ်သမိုင်းလေ့လာသူများက အမြင်အမျိုးမျိုးဖြင့် ယူဆရေးသားဖော်ပြခဲ့ကြပါသည်။
၁။ ပထမဆုံးအယူအဆမှာ မိုးကုတ်မြို့သည် မိန်းကွတ်ဟူသော ရှမ်းစကားမှဆင်းသက်လာသည်ဟု ဆိုပါသည်။ ဆိုလိုရင်းမှာ မိန်းဆိုသည်မှာ မြို့၊ ကွတ်ဆိုသည်မှာ ကွေ့ကောက်ခြင်းဖြစ်ပြီး ကွေ့ကောက်နေသောမြို့ဟု အဓိပ္ပါယ်ရပါသည်။ ထိုကွေ့ကောက်နေသောမြို့ မိန်းကွတ်ဟုခေါ်ရာမှ ကာလကြာသော် မိုးကုတ်ဟုဖြစ်လာသည်ဟု ဆိုပါသည်။
၂။ အခြားအယူအဆတစ်ခုမှာ မိန်းကု(ပ) ဟူသော ရှမ်းစကားမှ ဆင်းသက်လာသည်ဟု ဆိုပါသည်။ ဆိုလိုရင်းမှာ မိန်းဆိုသည်မှာမြို့၊ ကု(ပ)ဆိုသည်မှာ ခမောက်ဖြစ်ပြီး ခမောက်မြို့ဟု အဓိပ္ပါယ်ရပါသည်။ မိုးကုတ်မြို့မှာ ချိုင့်ဝှမ်းထဲတွင်တည်ထားရာ ခမောက်ကိုလှန်ထားသကဲ့သို့ရှိသောကြောင့် ခမောက်မြို့ မိန်းကွတ်ဟု ခေါ်ရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟု ဆိုပါသည်။
၃။ အခြားအယူအဆတစ်ခုမှာ မိန်းကတ်ဟူသောရှမ်းစကားမှ ဆင်းသက်လာသည်ဟုဆိုပါသည်။ ဆိုလိုရင်းမှာ မိန်းဆိုသည်မှာမြို့၊ ကတ်ဆိုသည်မှာ အေးချမ်းခြင်းဟု ဖြစ်ပြီး အလွန်အေးချမ်းသောမြို့ဟု အဓိပ္ပါယ်ရပါသည်။ မိုးကုတ်မြို့မှာ အလွန်အေးချမ်းသောမြို့ဖြစ်ပြီး ဆောင်းရာသီတွင် ရေများပင်ခဲလေ့ရှိရာ အလွန်အေးချမ်းသောမြို့ (မိန်းကတ်) ဟုခေါ်ရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟု ဆိုပါသည်။
၎။ အခြားအယူအဆတစ်ခုမှာ ပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ယူရသော သဖန်းပင်ရွာနေ ရှမ်းလူမျိုးများသည် မိုးကုတ်ချိုင့်ဝှမ်းနေရာတွင် လယ်များသွားရောက်စိုက်ပျိုးကြရာ အခြားနေရာများထက်မှောင်လွယ်သောကြောင့် စောစောပြန်ရသဖြင့် မိုးချုပ်စောသောမြို့ (မိုးချုပ်မြို့) ဟု ခေါ်ရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟု ဆိုပါသည်။
မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) မှ မှီးပါသည်။

အပြည့်အစုံသို့

0 comments: