Monday, December 31, 2007

A present for " Happy New Year "




အပြည့်အစုံသို့...

Wednesday, December 26, 2007

အံ့ဘွယ်တောင်သို့ တက်လှမ်းခြင်း

ကျွန်တော်တို့ မိုးကုတ်မြို့လေးသည် ပင်လယ်ရေမျက်နှာပြင် (၃၈၀၀) ကျော်အထက်တွင် ရှိသဖြင့် အလွန်ချမ်းအေးလှသော မြို့လေးတစ်မြို့ဖြစ်ပါသည်။ မိုးကုတ်မြို့နှင့် ပတ်ဝန်းကျင်မှ လူများသည် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများကို အခုလိုဆောင်းရာသီရောက်တိုင်း အမြဲပြုလုပ်ကြပါသည်။ မိုးကုတ်ဒေသခံများနှင့် ဧည့်သည်များသည် ယခုလို ဒီဇင်ဘာလရောက်တိုင်း မိုးကုတ်မြို့၏ အမြင့်ဆုံးတောင်များဖြစ်သော တောင်မဲတောင်နှင့် အံ့ဖွယ်တောင်တို့ကို နှစ်စဉ် ဒီဇင်ဘာ ၂၅ ရက် (ခရစ်စမတ်နေ့) နှင့် ဇန်န၀ါရီ ၁ ရက် (နယူးရီးယားနေ့) များတွင် ကျန်းမာရေးအတွက် အများဆုံး တက်လေ့ရှိကြပါသည်။ ဤသည်မှာ အစဉ်အလာတစ်ခုလို ပင်ဖြစ်နေပါသည်။


ကျွန်တော်တို့အဖွဲ့သည်လည်း ယခုနှစ်တွင် အံ့ဖွယ်တောင်သို့ တက်လှမ်းခဲ့ကြပါသည်။ အံ့ဖွယ်တောင်သည် မိုးကုတ်မြို့မှ အရှေ့ဘက် ၁၃မိုင် အကွာ လွယ်ဆာရွာတွင် တည်ရှိပါသည်။ ထိုတောင်၏ အမြင့်ပေမှာ (၈၀၀၀) ကျော်ခန့်ရှိပြီး သဘာဝကဖန်တီးထားသော အလှအပများနှင့် ကျောက်တောင်ကြီးများမှာ အံ့ဖွယ်ကောင်းလောက်အောင် လှပလှပါသည်။


ကျွန်တော်တို့အဖွဲ့သည် နံနက် (၅)နာရီခွဲလောက်မှစ၍ မိုးကုတ်မြို့မှ ထွက်ခွာလာရာ လမ်းတလျှောက်လမ်းဘေးဝဲယာတွင် ဆီးနှင်းများဖြင့် ဖွေးဖွေးလှုပ်နေသည်ကို တွေ့မြင်ခဲ့ကြရပါသည်။ လွယ်ဆာရွာသို့ (၆)နာရီကျော်တွင် ရောက်ရှိခဲ့ပြီး နံနက် (၇)နာရီကျော်လောက်မှာ စတင် တက်ခဲ့ပါသည်။ လမ်းတစ်လျှောက်တွင် တောင်တက်လာကြသော အခြားအဖွဲ့ပေါင်း မြောက်မြားစွာဖြင့် အလွန်ပင်စည်ကားလှ၏။ တောင်ပေါ်သို့တက်ခါစတွင်တော့ တစ်အုပ်စုနှင့်တစ်အုပ်စု မရင်းနှီးကြသော်လည်း အချိန်အနည်းငယ်အတွင်းမှာပင် မိတ်ဆွေရင်းချာများကဲ့သို့ ဖြစ်သွားကာ အချင်းချင်း ဖေးမကူညီကြပြီး ချစ်ခင်ရင်းနှီးစွာဖြင့် တောင်ပေါ်သို့ တပျော်တပါးတက်လှမ်းခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် သဘာဝအလှအပများနှင့် လေကောင်းလေသန့်များကြောင့် မောလို့မောရကောင်းမှန်းပင် သတိမရနိုင်တော့ပါ။


တောင်ပေါ်သို့ ၁၀: ၃၀ နာရီလောက်တွင် ရောက်ရှိခဲ့ကြပါသည်။ တောင်ပေါ်သို့ရောက်သောအခါ တောင်ပေါ်တွင် တွေ့ရသောရှုခင်းများကြောင့် လမ်းတလျှောက်လုံး ပင်ပန်းခဲ့သမျှ တော်ပင်အမောပြေစေခဲ့ပါသည်။ တောင်ပေါ်ရှိစေတီတော်ကို ဖူးမြော်ကြရင်း တောင်ပေါ်ရှိဆရာလေးတစ်ပါး၏ ပြောပြချက်အရ ဤတောင်မှ ဘုရားသည် ရောင်ခြည်တော်များ မကြာခဏဆိုသလို ကွန့်မြူးတတ်ပြီး ရဟန္တာများ လာရောက်ဖူးမြော်လေ့ရှိသည်ဟု သိရပါသည်။ ထို့နောက် ဆရာတော်အား လှူဖွယ်များ ဆက်ကပ်လှူဒါန်းပြီး အသည်းကွဲတောင်ဟု ခေါ်သော ရှုခင်းသာဘုရားသို့ သွားရောက်ဖူးမြော်ကြပါသည်။ တောင်ပေါ်မှ ကြည့်လိုက်လျှင် မိုးတိမ်များမှာ တောင်အောင်တွင် ရောက်နေပြီး မိုးမိတ်မြို့နှင့် အခြားရွာလေးးများကို တွေ့မြင်ရပါသည်။


ကျွန်တော်တို့အဖွဲ့သည် တောင်ပေါ်တွင်နေရင်း အခြားအဖွဲ့များ၏ ပျော်ရွှင်စွာဆော့ကစားနေကြသည်များ၊ အချို့အဖွဲများသည် ဂစ်တာများသယ်လာကာ တောင်ပေါ်တွင် ပျော်ရွှင်စွာသီချင်းများ ၀ိုင်းဖွဲသီဆိုကြသည်။ တောင်ပေါ်တွင် ၂ နာရီလောက်နေပြီးသောအခါ တောင်အောက်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်ဆင်းလာခဲ့ကြပါသည်။ ထိုသို့ဆင်းလာရာ ညနေ ၄ နာရီခန့်တွင် တောင်အောက်သို့ ပြန်လည်ရောက်ရှိခဲ့၏။
ထို့နောက် တောင်ခြေတွင် အမောဖြေ၊ စားသောက်ကြပြီး မိုးကုတ်မြို့သို့ ပြန်လာခဲ့ကြပါသည်။ ထိုသို့ တောင်တက်ခြင်းမှ မိတ်ဆွေများ ရရှိခြင်း၊ အချင်းချင်းဖေးမကူညီရင်း ရင်းနှီးမှုများတိုးပွားခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေခြင်း၊ ဇွဲလုံ့လများရှိခြင်း၊ ဒေသန္တာရ ဗဟုသုတများရရှိခြင်းစသော အကျိုးကျေးဇူးများ ရရှိခဲ့ကြပါသည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ၄င်းနေ့များတွင် အံ့ဖွယ်တောင်သို့ ကျွန်တော်တို့နှင့် အတူတက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ။







အပြည့်အစုံသို့

အပြည့်အစုံသို့...

Sunday, December 23, 2007

ဒေသခံတို့ အမည်ပေးခဲ့သည့် ကျောက်အခေါ်များ


ပတ္တမြား
ပြဒါးဓါတ်များ ကိန်းအောင်းရာမှ ဖြစ်လာသောကြောင့် ပြဒါးများ ဟု ခေါ်ရာမှနေပြီး နောင်တွင် ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြသည်။

နီလာ
ရှေးက ကျောက်ထွက်နှုန်းများပြီး ကျောက်များအလွန်ပေါရာ အနီရောင်ပတ္တမြားမှသာ တန်ဖိုးထားကြသည်။ အပြာရောင်ကျောက်များထွက်လာလျှင် '' နီလိုက်ပါတော့လား၊ နီလာပါတော့လား၊ " ဟု ပြောဆိုကြရာမှ အပြာရောင်ကျောက်ကို နီလာဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

အညံ့
ပတ္တမြားကျောက်ကဲ့သို့ပင် အရောင်တူတူထွက်သော်လည်း ပတ္တမြားကျောက်ထက် မာဆင့် နိမ့်သည်။ အနီရောင်ချင်းတူသော်လည်း ပတ္တမြားထက် ညံ့သဖြင့် အညံ့ကျောက်ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

နတ်သွေးကျောက်
အညံ့ပန်းအမျိုးအစားဖြစ်ပြီး သဘာဝအတိုင်း ရှစ်ထောင့်ပုံသဏ္ဍန်အညီရှိကာ ကြည်လင်တောက်ပသော သဘာဝအရောင်လည်း ရှိပါသည်။ လူတို့ပြုလုပ်ထားသည်ထက်ပင် သဘာဝတွင်းထွက်က ပိုလှနေသဖြင့် နတ်တို့ဖန်ဆင်းပေးသည့်ကျောက် (နတ်တို့သွေးထားပေးသည့် ကျောက်) ဟု ခေါ်ရာမှနတ်သွေးကျောက်ဟုအမည်တွင်ခဲ့ခြင်းဖြစ်သည်။

ပြောင်ခေါင်းစိမ်း
မြန်မာတစ်နိုင်ငံလုံးမည်သည့်နေရာမှမထွက်ဘဲ မိုးကုတ်တွင်သာထွက်ရှိသည်။ မိုးကုတ်မြို့တွင်လည်း ပြောင်ခေါင်းဒေသတစ်ဝိုက်တွင်သာ ထွက်ရှိခြင်း၊ ကျောက်၏သဘာဝအရောင်မှာ အစိမ်းရောင်ဖြစ်ခြင်းတို့ကို အစွဲပြုပြီး ပြောင်ခေါင်းစိမ်းကျောက်ဟု ခေါ်ကြသည်။

ထာပွဲ
ရှေးက ကျောက်များပေါများလှသဖြင့် ကျောက်ပြရာတွင် " ထာ " ခေါ် ကြေးလင်ဗန်းကြီးများတွင် ထည့်ပြီး ပြသရသည်။ ထို ထာ ခေါ် ကြေးလင်ဗန်းကို အစွဲပြုပြီး ထာပွဲဟုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
(ထာပွဲ = ကျောက်မျက်ရတနာ အရောင်းအ၀ယ်ပြုလုပ်ရာနေရာ)


အပြည့်အစုံသို့...

ပတ္တမြား အရည်အသွေးများ


၁။ လည်သီးရည်
ကြက်ဖလည်ပင်းမှထွက်သော သွေးအရောင်၊ အနီရောင်အပြည့်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။

၂။ ငရှဥ့်သွေးရည်
ငရှဥ့်သွေးကဲ့သို့ အနီရောင်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။

၃။ ခိုသွေးရည်
ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။

၎။ ယုန်သွေးရည်
ပတ္တမြားကျောက် အနီရောင်တွင် အ၀ါရည်စွက်သောအရောင်ကို ခေါ်ခြင်းဖြစ်သည်။

၅။ သပြေသီးရည်
ပတ္တမြားကျောက် အနီတွင် အပြာ၊ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်ကို ခေါ်ခြင်းဖြစ်သည်။

၆။ ဘုံဘိုင်ညွန့်ရည်
နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင်မျိုးးကို ခေါ်ခြင်းဖြစ်သည်။

၇၊ ဘုံဘိုင်ရည်
လူငယ်၏အသွေးအရောင်ကဲ့သို့ အနီရောင်သက်သက်မျိုးကို ခေါ်ခြင်းဖြစ်သည်။

၈၊ ကျောက်တိမ်းရည်
အနီတွင် အပြာရည်လွန်သော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

၉။ အရည်ကျ
အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

၁၀။ ပန်းရည်
နှင်းဆီပန်းရောင်ကဲ့သို့ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

၁၁။ ကြက်သည်းရောင်အရည်
ညိုပုပ်ပုပ်နှင့် မည်းသယောင်ယောင်နီသော အနီပုပ်ရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

၁၂၊ ကြက်သွန်ဥခွံအရည်
အနီရောင်ဖျော့လျှက် ဖြူသယောင် အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

၁၃၊ ထုံးခြောက်ရည်
နီသော်လည်း ဖြူပြီး ခြောက်တောက်တောက် ဖြစ်နေသော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

၁၄။ ကတ္တီပါရည်
ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက်ကို ခေါ်ခြင်းဖြစ်သည်။
(နီလာတွင်သာ ခေါ်ခြင်းဖြစ်သည်)


အပြည့်အစုံသို့

အပြည့်အစုံသို့...

ကျောက်မျက်ရတနာအမည်ဖြင့် သတ်မှတ်သည့် ရတု (မင်္ဂလာပွဲ ) အကြိမ်များ


၂၅ နှစ် - ငွေရတု
၃၀ နှစ် - ပုလဲရတု
၃၅ နှစ် - ကျောက်စိမ်းရတု
၄၀ နှစ် - ပတ္တမြားရတု
၄၅ နှစ် - နီလာရတု
၅၀ နှစ် - ရွှေရတု
၅၅ နှစ် - မြရတု
၆၀ နှစ် - စိန်ရတု
၇၅ နှစ် - ဒုတိယအကြိမ် စိန်ရတု


အပြည့်အစုံသို့

အပြည့်အစုံသို့...

ပတ္တမြားငမောက်

မိုးကုတ်သမိုင်းကို ဖော်ပြမည်ဆိုလျှင် ပတ္တမြားငမောက်အကြောင်းမပါလျှင် ပြီးမည်မဟုတ်ပေ။ ပတ္တမြားငမောက် ရာဇ၀င်မှာ ……….

ချင်းတွင်းနယ်သား ငမောက်ဆိုသူသည် မိုးကုတ်မြို့သို့ လာရောက် ၍ လယ်ယာစိုက်ပျိုးလုပ်ကိုင်ရင်း တစ်ညတွင် သူ၏ခြံ ၌ ပြိုးပြိုးပျက်ပျက် အရောင်များတလက်လက်နှင့် ထူးဆန်းစွာတောက်ပနေသည်ကို တွေ့လိုက်ရပါသည်။ ထို့ကြောင့် သွားရောက်ရွာဖွေ ကြည့်ရှုသောအခါ ကြီးမားလှသော ကျောက်နီပတ္တမြားကြီးတစ်လုံးကို တွေ့ရပါသည်။ ငမောက်လည်း ထိုပတ္တမြားကြီးကို ရရှိပြီးနောက် နှစ်ပိုင်းခွဲလိုက်ခါ တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအားပေးလိုက်ပြီး တရုတ်ပြည်သို့ သွားရောက်ရောင်းစေပါသည်။ ကျန်တစ်ပိုင်းကိုမူ မြန်မာသက္ကရာဇ် ၁၀၂၃ ခုနှစ်တွင် အင်းဝမြို့သို့ သွားရောက်ပြီး ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်းထံ ဆက်သလိုက်ပါသည်။ ဘုရင်လည်း များစွာနှစ်ထောင်းအားရ ၀မ်းမြောက်ပြီး ငမောက်အား ဆုတော်ငွေများစွာ ပေးသနားလိုက်ပါသည်။ ထိုပတ္တမြားကြီးကိုလည်း ငမောက်ကဆက်သဖြင့် ပတ္တမြားငမောက်ဟူ ၍ အမည်ပေးခဲ့ပါသည်။ထိုအချိန်နှင့် မရှေးမနှောင်းတွင် တရုတ်ပြည် ၌် မင်မင်းဆက် ပျက်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်ရာ တရုတ်လူမျိုးအချို့မှာ နီးစပ်ရာတိုင်းပြည်များတွင် ခိုလှုံခဲ့ရပါသည်။ ထိုသို့ ခိုလှုံထွက်ပြေးကြသည့် အထဲတွင် မြန်မာပြည်သို့ ခိုဝင်လာသော တရုတ်လူမျိုးတစ်ဦးလက်ထဲတွင် ငမောက်ရောင်းချခဲ့သော ပတ္တမြားတစ်ပိုင်းလည်း ပါလာခဲ့ပါသည်။ ထိုတရုတ်လူမျိုးကုန်သည်ကြီးသည် ထိုပတ္တမြားတစ်ပိုင်းကို မြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။ ထို့နောက် ငမောက်ဆက်သထားသော ပတ္တမြားတစ်ပိုင်းနှင့် တရုတ်ကုန်သည်ကြီး ဆက်သလာသော ပတ္တမြားတစ်ပိုင်းကို ဆက်စပ်ကြည့်လိုက်ရာ တစ်ပွင့်ထဲမှဖြတ်တောက်ထားကြောင်း သိလိုက်ရပါသည်။ ထိုအခါ ပဒေသရာဇ်ခေတ်၏ အကျင့်အတိုင်း ငမောက်အား အဘယ်ကြောင့် ကျောက်အားလုံးမဆက်သရသလောဟု အမျက်တော်ပွားကာ ရေဝေးရာ တောင်ကုန်းတစ်ခုတွင် မီးလောင်စင်များပြုလုပ်ပြီး ငမောက်နှင့် ဆွေမျိုးများကို သတ်ဖြတ်ကွပ်မျက်လိုက်ပါသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကို လောင်းစင်ရွာဟူ ၍ ၄င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင် ရေဝေရွာ ) ဟူ ၍ ၄င်း ယခုတိုင် ခေါ်ဆိုနေကြပါသေးသည်။ ငမောက်နှင့် ဆွေမျိုးများကို သတ်ဖြတ်နေစဉ် ငမောက်၏အမဖြစ်သူ ဒေါ်နန်းဆိုသူမှာ လွှတ်ရာသို့ထွက်ပြေးရင်း တောင်ပေါ်တစ်ခုသို့ ရောက်လာပါသည်။ ထိုတောင်ပေါ်သို့ရောက်ပြီး ပြန်လှည့်ကြည့်ရာ အဝေးတွင် မောင်ဖြစ်သူ ငမောက်နှင့် ဆွေမျိုးများ သတ်ဖြတ်ခြင်းခံရသည့်နေရာကို မြင်ပြီး ရင်ကွဲနာကျကာ ထိုတောင်ပေါ်တွင်ပင် သေဆုံးသွားခဲ့ပါသည်။ ထိုတောင်ကိုလည်း ယခုတိုင် ဒေါ်နန်းကြည့်တောင်ဟူ ၍ ခေါ်ဆိုကြပါသည်။ ငမောက်ပတ္တမြား (ခေါ်) ပတ္တမြားငမောက် အလေးချိန်မှာ ရတီ (၉၀) ရှိပြီး လုံးချောသွေးထားကာ အရည်အသွေး အလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ၀ါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကို ထည့်လိုက်လျှင် ၀ါဂွမ်းနှင့် နွားနို့ပင် အနီရောင်ပြောင်းလာကြောင်း သိရပါသည်။
မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) မှ မှီးပါသည်။

အပြည့်အစုံသို့

အပြည့်အစုံသို့...

မိုးကုတ်ကျောက် ရောင်းဝယ်ရေး လုပ်ငန်းများ

မိုးကုတ်ကျောက် ရောင်းဝယ်ရေးလုပ်ငန်းများကို ထာပွဲဟု ခေါ်သောနေရာတွင် စုပေါင်းလုပ်ကိုင်ကြပါသည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင်များဖွင့်ပြီး လုပ်ကိုင်ကြသော်လည်း နည်းပါးသေးသည်။ မိုးကုတ်ကျောက်ရောင်းဝယ်ရေးလုပ်ငန်းများကို ခြုံကြည့်လိုက်မည်ဆိုလျှင် အကြမ်းဖျဉ်းအားဖြင့် လူတန်းစား (၄) ရပ်ခွဲခြားတွေမြင်နိုင်ပါသည်။

(၁) ပွင့်ကောက်သမား

(၂) အစပ်ကျောက်သမား

(၃) ၀ယ်/ ရောင်းသမား

(၄) ပွဲစား ဟု တွေမြင်ရပါသည်။

ပွင့်ကောက်သမား
ပွင့်ကောက်သမားများကို တစ်နည်းအားဖြင့် ကုန်သည်ကြီးပိုင်းလို့ သတ်မှတ်လို့ရပြီး တန်ဖိုးမြင့်သောကျောက်များကိုသာ တစ်ပွင့်ချင်း စိတ်ကြိုက်ဝယ်ယူကြသူများ ဖြစ်သည်။

အစပ်ကျောက်သမား
အစပ်ကျောက်သမား ဆိုသည်မှာ မိုးကုတ်တွင်းထွက်ကျောက်များစွာ ရှိသည့်အနက် မိမိကျွမ်းကျင်သည့်ကျောက် တစ်မျိုးထဲကိုသာ ဦးစားပေးဝယ်ကြသူများ ဖြစ်ပါသည်။ အစင်အားသန်သူက အစင်၊ ဂေါ်ကြိုးအားသန်သူက ဂေါ်ကြိုး၊ အညံ့အားသန်သူက အညံ့ စသည်ဖြင့် သီးခြားဝယ်ယူကြသူများဖြစ်သည်။ အစပ်ကျောက်သမားလိုင်းတွင် အရိုင်းစပ်သမား နှင့် အယဉ်စပ်သမား ဆိုပြီး နှစ်မျိုးခွဲခြားတွေ့မြင်နိုင်ပါသေးသည်။ အရိုင်းစပ်သမားဆိုသည်မှာ တွင်းမှထွက်လာသောကျောက်များကို နဲနဲစီဝယ်ပြီး များလာလျှင် အရိုင်းအတိုင်း အထုပ်လိုက်ပြန်ရောင်းသူများဖြစ်သည်။ အယဉ်စပ်သမားဆိုသည်မှာ အဓိက၀ယ်ထားသော ကျောက်များကို အရိုင်း (မသွေးရသေးသောကျောက်)ဖြစ်စေ၊ အယဉ် (သွေးပြီးသားကျောက်) ဖြစ်စေ တစ်ပွင့်ချင်း၊ နှစ်ပွင့်ချင်းဝယ်ယူကြသည်။ အရိုင်းများကိုမူ သွေးယူပြီး အယဉ်ပြုလုပ်ကာ ကိုယ်မှန်ထားသော ကျောက်ချိန်အတိုင်း (ကလပ် ၅၀၊ ကလပ် ၁၀၀) စသဖြင့်ရမှ ကလပ်ချိန်ဈေးဖြင့် ပြန်ရောင်းကြသူများ ဖြစ်သည်။

ဝယ်/ ရောင်းသမား
ဝယ်/ ရောင်းသမား ဆိုသည်မှာ ကျောက်တွင်းတူးလုပ်ငန်းများသို့ သွားရောက်ပြီးဖြစ်စေ၊ ထာပွဲဖြစ်ရာ နေရာများသို့ဖြစ်စေ သွားရောက်ပြီး မြတ်နိုင်မည်ထင်သောကျောက်များကို ၀ယ်ယူပြီး ပြန်ရောင်းကြသူများဖြစ်သည်။ ၀ယ်ရောင်းသမားများ အရည်အချင်းမှာ အဓိက ကျောက်မျိုးစုံ အကြောင်းနားလည်ရန်ပင် ဖြစ်သည်။

ပွဲစား
အရောင်းအ၀ယ်လောကတိုင်းတွင် ပွဲစားရှိသကဲ့သို့ မိုးကုတ်ကျောက်လောကတွင်လည်း ကျောက်ပွဲစားများ များစွာတွေ့ရပါသည်။ မိုးကုတ်ကျောက်ပွဲစားများ အရည်အချင်းမှာ ဆက်ဆံရေးနှင့် နာမည်ကောင်းရဖို့ပင် ဖြစ်ပါသည်။ မိုးကုတ်မြို့မှာ ကျဉ်းလှသဖြင့် ဆက်ဆံရေးကောင်းလျှင် ကောင်းသလိုမိတ်ဆွေပေါများပြီး နာမည်ပျက်မရှိသရွေ့ ကျောက်ထည့်ပေးသော ကုန်သည်များက မည်မျှတန်ဖိုးကြီးမားသော ကျောက်ပင်ဖြစ်စေ ပွဲစားအား ယုံယုံကြည်ကြည်ထည့်ပြီး ရောင်းခိုင်းကြပါသည်။ မိုးကုတ်ကျောက်ပွဲစားတို့ အကျိုးခံစားခွင့်မှာ ၁၀၀ ကျပ် တည့်လျှင် ၅ ကျပ်နှုန်းဖြစ်သည်။
မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) မှ မှီးပါသည်။
အပြည့်အစုံသို့

အပြည့်အစုံသို့...

မိုးကုတ်မြို့ဟု အဘယ်ကြောင့်ခေါ်သလဲ

မိုးကုတ်မြို့ဟု အမည်တွင်လာပုံကို မိုးကုတ်သမိုင်းလေ့လာသူများက အမြင်အမျိုးမျိုးဖြင့် ယူဆရေးသားဖော်ပြခဲ့ကြပါသည်။
၁။ ပထမဆုံးအယူအဆမှာ မိုးကုတ်မြို့သည် မိန်းကွတ်ဟူသော ရှမ်းစကားမှဆင်းသက်လာသည်ဟု ဆိုပါသည်။ ဆိုလိုရင်းမှာ မိန်းဆိုသည်မှာ မြို့၊ ကွတ်ဆိုသည်မှာ ကွေ့ကောက်ခြင်းဖြစ်ပြီး ကွေ့ကောက်နေသောမြို့ဟု အဓိပ္ပါယ်ရပါသည်။ ထိုကွေ့ကောက်နေသောမြို့ မိန်းကွတ်ဟုခေါ်ရာမှ ကာလကြာသော် မိုးကုတ်ဟုဖြစ်လာသည်ဟု ဆိုပါသည်။
၂။ အခြားအယူအဆတစ်ခုမှာ မိန်းကု(ပ) ဟူသော ရှမ်းစကားမှ ဆင်းသက်လာသည်ဟု ဆိုပါသည်။ ဆိုလိုရင်းမှာ မိန်းဆိုသည်မှာမြို့၊ ကု(ပ)ဆိုသည်မှာ ခမောက်ဖြစ်ပြီး ခမောက်မြို့ဟု အဓိပ္ပါယ်ရပါသည်။ မိုးကုတ်မြို့မှာ ချိုင့်ဝှမ်းထဲတွင်တည်ထားရာ ခမောက်ကိုလှန်ထားသကဲ့သို့ရှိသောကြောင့် ခမောက်မြို့ မိန်းကွတ်ဟု ခေါ်ရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟု ဆိုပါသည်။
၃။ အခြားအယူအဆတစ်ခုမှာ မိန်းကတ်ဟူသောရှမ်းစကားမှ ဆင်းသက်လာသည်ဟုဆိုပါသည်။ ဆိုလိုရင်းမှာ မိန်းဆိုသည်မှာမြို့၊ ကတ်ဆိုသည်မှာ အေးချမ်းခြင်းဟု ဖြစ်ပြီး အလွန်အေးချမ်းသောမြို့ဟု အဓိပ္ပါယ်ရပါသည်။ မိုးကုတ်မြို့မှာ အလွန်အေးချမ်းသောမြို့ဖြစ်ပြီး ဆောင်းရာသီတွင် ရေများပင်ခဲလေ့ရှိရာ အလွန်အေးချမ်းသောမြို့ (မိန်းကတ်) ဟုခေါ်ရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟု ဆိုပါသည်။
၎။ အခြားအယူအဆတစ်ခုမှာ ပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ယူရသော သဖန်းပင်ရွာနေ ရှမ်းလူမျိုးများသည် မိုးကုတ်ချိုင့်ဝှမ်းနေရာတွင် လယ်များသွားရောက်စိုက်ပျိုးကြရာ အခြားနေရာများထက်မှောင်လွယ်သောကြောင့် စောစောပြန်ရသဖြင့် မိုးချုပ်စောသောမြို့ (မိုးချုပ်မြို့) ဟု ခေါ်ရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟု ဆိုပါသည်။
မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) မှ မှီးပါသည်။

အပြည့်အစုံသို့

အပြည့်အစုံသို့...

မိုးကုတ်မြို့ ဖြစ်ပေါ်လာပုံ

“ကိတ်၊ နဂါး၊ ကြွက် သုံးစဖော်ယှက်၊ ကျောက်မျက်ရတနာပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်” ဟူသော ရှေးဟောင်းတပေါင်အရ ကိတ်သည် ၉၊ နဂါးသည် ၇၊ ကြွက်သည် ၅၊ ၄င်းကိုပြောင်းပြန်ယူသော် ၅၇၉ ဖြစ်ပြီး ထိုနှစ်တွင် သဖန်းပင်ရွာကို အရင်းတည်ပြီးမှ မိုးကုတ်မြို့ကို ဆက်လက်တည်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးကုတ်သမိုင်းများစွာ၏ အဆိုအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွားကြီး သိုဟန်ဖက်လက်ထက်တွင် သူ၏ပိုင်နက်ဖြစ်သော ယခုမိုးကုတ်မြို့ဖြစ်လာမည့်နေရာသို့ ရှမ်းမုဆိုးသုံးယောက်သည် တောလည်ထွက်ရင်း မျက်စေ့လည်လမ်းမှားကာ ရောက်ရှိလာပါသည်။ မိုးလည်းချုပ်သွားပြီဖြစ်သဖြင့် လမ်းစရှာမရတော့ဘဲ တောတောင်ခြေရင်းတစ်ခုရှိ သဖန်းပင်ကြီးတစ်ပင်အောက်တွင် အိပ်လိုက်ရပါသည်။ နံနက်မိုးသောက်ချိန်ရောက်သော် အနီးရှိပြိုကျနေသောတောင်စောင်းတစ်ခုပေါ်တွင် ကောင်းကင်ယံမှ ကျီးများ၊ စွန်များ ပျံဝဲဟစ်အော်နေကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ထူးခြားသည်ဆိုပြီးသွားရောက်ကြည့်ရှုရာ အသားတစ်ပမာနီမြန်းနေသည့် ပတ္တမြားကျောက်အနီများကို တွေရှိရသဖြင့် ယူဆောင်ခဲ့ပြီး မိမိတို့ အရှင်သခင်စော်ဘွားကြီးကို ဆက်သခဲ့ကြပါသည်။ စော်ဘွားကြီးကလည်း ဆက်သလာသော ပတ္တမြားကျောက်နီများကို လက်ခံယူပြီး တန်ဖိုးရှိမှန်းသိသောကြောင့် ထိုနေရာအားလိုက်လံပြသခိုင်းပြီး ထိုနေရာကို စောင့်ရှောက်စေခဲ့ပါသည်။ ထိုပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ကျသူများက သဖန်းပင်ကြီးအနီးတွင် ရွာတည်ပြီးနေသည်မှစကာ သဖန်းပင်ရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်အချို့မိုးကုတ်သမိုင်းစာအုပ်များတွင် မိုးကုတ်အစ သဖန်းပင်ကဟု လည်းရေးသားဖော်ပြခဲ့ပါသည်။ သဖန်းပင်ရွာတွင် ပတ္တမြားတွင်းများကို စောင့်ရှောက်တာဝန်ယူရသော ရှမ်းလူမျိုးများ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်းတွင် တိုးချဲ့နေထိုင်လာခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းမှနေပြီး နောင်တွင် မိုးကုတ်မြို့ဟု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) မှ မှီးပါသည်။

အပြည့်အစုံသို့

အပြည့်အစုံသို့...

မိုးကုတ်မြို့ တည်နေရာ နှင့် နယ်နိမိတ်

တည်နေရာ
မိုးကုတ်မြို့သည် မြောက်လတ္တီကျု့ ၂၂-ဒီဂရီ ၅၀-မိနစ်နှင့် ၂၃-ဒီဂရီ ၃၀-မိနစ်ကြား၊ အရှေ့လောင်ဂျီကျု့ ၉၆-ဒီဂရီ ၁၁-မိနစ်နှင့် ၉၆-ဒီဂရီ ၄၅-မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အ၀န်းမှာ အရှေ့နှင့်အနောက် မိုင်(၃၀)၊ တောင်နှင့်မြောက် (၁၅.၁၂)မိုင်ရှိပြီး ဧရိယာစုစုပေါင်း (၄၅၀.၆၀) စတုရန်းမိုင် ရှိပါသည်။ မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက်ဖက်စွန်းတွင် တည်ရှိပြီး ယခုအခါ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းတွင် ပါဝင်သည်။ မိုးကုတ်မြို့၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် မိုးမိတ်မြို့နယ်၊ တောင်ဘက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။

ရာသီဥတု

အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ရှိသောကြောင့် သမနွေးစွတ်စိုသော ရာသီဥတုကို ခံစားရပါသည်။ မိုးကုတ်မြို့မှာ တောင်ပေါ်ဒေသဖြစ်၍ အေးမြသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန် ၉၅.၄ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန် ၃၀.၂ဒီဂရီ ဖာရင်ဟိုက် ရှိပါသည်။ ပုံမှန်မိုးရေချိန်မှာ (၁၀၇.၅၈)လက်မ ဖြစ်ပြီး ပုံမှန်မိုးရွာရက်မှာ (၁၃၅.၇)ရက် ဖြစ်ပါသည်။ လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် အနောက်တောင်ဘက်မှ တစ်နာရီလျှင် တစ်မိုင်မှ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတုဆိုးရွားသော အချိန်များ၌ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်များမှ တစ်နာရီလျှင် (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိပါသည်။

မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း
ဘူမိဗေဒပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ မိုးကုတ်ဒေသ အောက်ခံကျောက်ဖျာထုသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထုများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ မိုးကုတ်ဒေသသည် တောင်ကုန်း တောင်တန်းများ ထူထပ်ပြီး မြေပြန့်လွင်ပြင်များ နည်းပါးသည်။ ရေနီချောင်းသည် ကျေးနီတောင်မှ စိမ့်ရေ၊ စမ်းရေများကို အခြေပြု၍ မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်သန်းစီးဆင်းလာပြီး တပ်သားတောင်မှ စိမ့်ရေ၊ စမ်းရေတို့ကို အခြေပြု၍ စီးဆင်းလာသော ရေပူချောင်းနှင့် တောင်ကချင်ရပ်ကွက်အနီးတွင် ပေါင်းဆုံကာ နမ့်ပယ်ချောင်းအတွင်းသို့ စီးဝင်သည်။ မိုးကုတ်ဒေသတစ်ဝိုက်ရှိ အမြင့်ဆုံးတောင်များမှာ ...
တောင်မင်းတောင်(တောင်မဲတောင်) - ၇၅၄၄ ပေ
ကျေးနီတောင် - ၆၇၃၃ ပေ
တောင်တော် - ၆၂၂၃ ပေ
မြို့မြင်တောင် - ၅၉၅၅ ပေ
ထင်းရှူးတောင် - ၅၆၀၆ ပေ
ပင့်ကူတောင် - ၅၃၄၅ ပေ
ဒေါ်နန်းကြည့်တောင် - ၅၂၇၇ ပေ

လူဦးရေ
မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အုပ်စု (၅)အုပ်စု၊ ကျေးရွာအုပ်စု (၃၀)၊ ကျေးရွာပေါင်း (၁၃၂)ရွာရှိ၍ လူဦးရေမှာ ၂၀၀၅-ခုနှစ် စာရင်းအရ (၁၈၀၄၀၈)ဦး ရှိပါသည်။ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်တွင် (၃၉၈)ဦး ရှိပါသည်။ မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးမှာ(၁း၁.၈၁)ဖြစ်ပါသည်။ ကျား-မ လူဦးရေ အချိုးမှာ (၁းဝ.၉၁)ဖြစ်ပါသည်။ အများဆုံး နေထိုင်ကြသော လူမျိုးမှာ ဗမာ၊ ရှမ်း၊ လီဆူ၊ ပလောင်၊ ဂေါ်ရခါးနှင့် တရုတ်တို့ ဖြစ်ကြသည်။

သစ်တော
တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး
အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပြီး ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများ မရှိပေ။ မိုးကုတ်မြို့သည် ကားလမ်းဖြင့် အရှေ့ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁)မိုင်၊ မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈)မိုင်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင် အသီးသီး ကွာဝေးပါသည်။ မိုးကုတ်-ကျောက်မဲလမ်းသည် မိုးကုတ်မှ အရှေ့တောင်ဘက် (၇၉)မိုင် ကွာဝေးပြီး ဒုတိယကမ္ဘာစစ် မတိုင်မှီက အထူးအသုံးပြုခဲ့လေသည်။

စီးပွားရေး
မိုးကုတ်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ကျောက်မျက်တူးဖော်ခြင်း ဖြစ်ပါသည်။ မိုးကုတ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ လယ်ယာမြေကွက်များ ပြောပလောက်အောင် မရှိခြင်းကြောင့် ဆန်စပါးများ မထွက်လှပေ။ မြို့နေလူထုစားသုံးရန်အတွက် မိုးမိတ်နယ်နှင့် အောက်အရပ်ဒေသမှ ဆန်များကို မှီခိုအားထားရသည်။ လက်ဖက်စိုက်ပျိုးရေးနှင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ အနည်းငယ်ရှိသည်။

လူမှုရေး
မိုးကုတ်မြို့တွင် သာရေး-နာရေး လူမှုကိစ္စများအတွက် ရပ်ကွက်တိုင်းတွင် ဧည့်ခံအဖွဲ့၊ ထမင်းကျွေးအဖွဲ့၊ လူပျို၊ အပျို စသဖြင့်အဖွဲ့များ ဖွဲ့ကာ တက်ညီလက်ညီ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြပါသည်။ တစ်ဦးနှင့်တစ်ဦး တွေ့သည့်အခါ စားပြီးပြီလား ဟု နှုတ်ဆက်လေ့ရှိကြသည်။ တစ်ဦးက ထွက်ခွာသွားသည့်အခါတွင် ကျန် တစ်ဦးက ဖြေးဖြေးနော် ဟု နှုတ်ဆက်လေ့ရှိကြသည်။

ဘာသာရေး
မိုးကုတ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ရှမ်းနှင့် ပလောင်လူမျိုး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မိုးကုတ်မြို့နယ်အတွင်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၂၅၀)ခန့် ရှိရာ လူဦးရေနှင့် နှိုင်းယှဉ်လျှင် လူ(၈၀၀)တွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှုန်း ရှိသည်။ မိုးကုတ်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများစုမှာ လီဆူဘုရားရှိခိုးကျောင်းများ ဖြစ်ကြသည်။ ဂေါ်ရခါးလူမျိုးများမှာ ဗုဒ္ဓဘာသာနှင့်ဟိန္ဒူဘာသာ များကို ကိုးကွယ်ကြပါသည်။ မိုးကုတ်မြို့တွင် မွတ်စလင်ဗလီ သုံးခု ရှိပါသည်။ တရုတ်ဘုရားကျောင်းများလည်း သီးသန့်ရှိသည်။
S.T.A
မိုးကုတ်မီဒီယာမှ ရယူပါသည်

အပြည့်အစုံသို့

အပြည့်အစုံသို့...

စားကျက်ပျောက်သွားတဲ့မြို့လေး

ကျွန်တော့ကိုမွေးဖွားပေးခဲ့တဲ့ ဟောဒီတောင်ပေါ်မြို့လေးဟာတော်တော်အေးချမ်းပြီးနေလို့ကောင်းတဲ့မြို့လေးပေါ့.....ငယ်စဉ်အခါကဆိုချယ်ရီပန်းလေးတွေဝေဆာနေတယ်လေဆောင်းတွင်းဆိုရင် မြူနှင်းမှုန်တွေနဲ့ လမ်းလျှောက်ကျောင်းသွားရတာအမောပေါ့.....မြို့လေးဟာ တောင်ပတ်လည် ၀ိုင်းနေပြီးဒယ်အိုးလေးနဲ့တူတယ်လို့ တင်စားကြတယ်လေမိုးရာသီဆိုလဲ ...ထီးလေးနဲ့ကျောင်းသွားပြီး ကျောင်းပြန်လာရင် မိုးရွာမှုကြောင့် လမ်းပေါ်မှာကျောက်လေးတွေ သူ့ဟာနဲ့သူ ပေါ်နေတယ်လေ...ဒါလေးတွေကိုကလေးတွေက လမ်းမပေါ်က ကျောက်ကိုကောက်ပြီး ကျောက်ရောင်းတန်းကစားကြတာ ခုထိသတိရမိတယ်...... ၀ါတွင်းတွေမှာဆိုလည်း ဘုရားကျောင်းကန်တွေမှာ လူတွေသီလယူကြတာအပြည့်ပေါ့...၀ိပဿနာတရားစခန်းတွေဟာ တစ်သုတ်ပြီးတသုတ်ဖွင့်လှစ်ကြတယ်...ဒီလိုအေးချမ်းလှပတဲ့ တောင်ပေါ် မြို့လေးကို ဖျက်ဆီးဖို့ဝင်လာတာ ၁၉၉၀ နှောင်းပိုင်းလောက်မှာ ဖက်စပ်လို့ခေါ်တဲ့ အကျိုးတူတွေဝင်လားပြီးတော့ ....မြို့လေးကို ဖျက်ဆီးလိုက်ကြတယ်လေ..။။အဲဒီမှာ ...အလင်းဝင်အဖွဲ့ အစည်းတွေ ဒီအခုမှ တိုင်းရင်းသားထဲကောက်သွင်းထားတဲ့ ဗမာ စကားမတတ်တဲ့လူတွေက မြို့ပေါ်မှာရှိတဲ့ တောင်လေးတွေကို စတင်ဖျက်ဆီးတော့တယ်လေ..... အေးချမ်းလှပတဲ့ ကျွန်တော်တို့ မြို့လေးဟာ ခုဆိုရင် တော်တော်လေးကိုပျက်ဆီးနေပြီလေ... ကြည့်ပါလားသူတို့တွေက တောင်တွေကိုလည်းပင်းညစ်ပြီးအတင်းအဓမ္မ္မ္မ္မကျောက်တွေကိုထွေးထုတ်ခိုင်းနေတယ်လေ....အင်ဂျင်အားကြီးတဲစက်တွေ....မြေကော်စက်တွေနဲ့ တောင်လေးတွေကို ဖြိုနေကြတယ်လေ...တောင်တွင်မကသေးဘူးကျောက်တူးတွင်းသမားလေးတွေကိုလည်း ဗမာစကားမတတ်တဲ့ ပေါလံကြီးတွေက ခေါင်းပုံဖြတ်တာလွန်ပါရောဗျာ....သူတို့တွေလုပ်တာကိုထိုင်ကြည့်နေတဲ့လူကြီးတွေကတော့ တိုက်တွေကားတွေနဲ့ပေါ့....ဒီဖက်စပ်ပေါင်းစုံက နှိပ်စက်လို့ မြို့လေးထဲ ကိုဖြတ်သန်းစီးဆင်းနေ တဲ့ ရေနီချောင်းလေးဟာ မှုံတွေပိတ်ပြီးတော့မြို့နေလူထုရဲ့ အိမ်တွေဟာတော်တော်ပျက်ဆီးသွားကြတယ်လေ.....ဒီမြို့ကလူတွေကတော့ ဘာတတ်နိုင်မှာလဲ....စီးပွားရေးဆိုလဲ အရင်ကလောက်မကောင်းတော့ဘူး ..လို့ ကုန်သည်အချို့ ပွဲစားအချို့ က ညည်းငြူနေတဲ့အသံကတော့ ထာပွဲ ထဲမှာ ပုဇင်းယင်ကွဲအော်သလိုပါဘဲ...မြို့ထဲကလူတွေဟာ ဘာလုပ်ရ ကိုင်ရမှန်းမသိဘဲ တနယ်ခြား တနိုင်ငံခြားမှာ အလုပ်တွေလုပ်ကြရတယ်လေ...ကိုယ့်မြို့မှာမှ ဘာအလုပ်မှမရှိတာလို့ ပြောတိုင်းတော်တော်စိတ်မကောင်းဖြစ်ရတယ်ဗျာ....အရင်က ကမ္ဘာကသိတဲ့ ကျွန်တော်တို့မြို့လေးဟာ ခုဆိုရင်ပေါလံကြီးတွေ ခေါင်းပုံဖြတ်ခံနေရတဲ့မြို့လေးပေါ့...... တကယ်ဆိုကိုယ့်အရှေ့မှာမြင်နေပါရက်နဲ့ မစားရတာတော့ တော်တော်လွန်မယ်လို့ထင်တယ်ဗျာ.....သြော်...စားကျက်ပျောက်တဲ့မြို့လေး.......
ကိုအောင်ချမ်းသာမှ ယူပါသည်
အပြည့်အစုံသို့

အပြည့်အစုံသို့...